Sunday, January 10, 2016

စန္ဒကုမာရဇာတ်တော်

** စန္ဒကုမာရဇာတ်တော်
 စန္ဒကုမာရဇာတ်တော်သည် ဇာတ်ကြီး ဆယ်ဘတွင် ခုနစ်ခုမြောက် ဇာတ်တော်ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော် ဝေဠုဝန်ကျောင်းတော်အနီး ဂိဇ္ဈကုဋ်တောင်ယံ၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောကြားတော်မူသည်။ ထိုဇာတ်တော်တွင် သစ္စာ၏ တန်ခိုးကို ထင်ရှားစွာ ဖော်ပြလေသည်။ ပါဠိကျမ်းဂန်များ၌ စန္ဒကုမာရဇာတ်တော်ကြီးကို ခဏ္ဍဟာလဇာတ်ဟု ပြသည်။ ဇာတ်တော်၏ အကြောင်းအရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

 ရှေးလွန်လေပြီးသောအခါ ပပ္ဖဝတီပြည်၌ ဝသဝတီမင်း၏သား ဧကရာဇ် အမည်ရှိသောမင်းသည် နန်းစံ၏။ ထိုမင်း၏ သားတော်ကြီးကား စန္ဒကုမာရမည်၍ အိမ်ရှေ့အရာဖြင့် စံရသည်။ ထိုမင်းတွင် ခဏ္ဍဟာလ အမည်ရှိသော ပုဏ္ဏားအမတ်ကြီး တစ်ဦးရှိရာ ထိုအမတ်ကြီးသည် တရားစီရင်ရာ၌ လာဘ်ယူ၍ စီရင်လေ့ရှိသည်။

တစ်ခါသော် အမှုသည် ယောက်ျားတစ်ဦးသည် မတရားသဖြင့် အမှုရှုံးအောင် စီရင်ခြင်းခံရသဖြင့် စန္ဒကုမာရမင်းသားအား တိုင်ကြားရာ မင်းသားသည် နှစ်ဖက်သော အမှုသည်တို့ကို ခေါ်ယူ၍ တရားသဖြင့် စီရင်ပေးသည်။ ထိုအခါမှစ၍ လူအများက မင်းသားကို ကြည်ညိုလျက် အမတ်ကြီးကို ရွံ့မုန်းကြသည်။ အမတ်ကြီးလည်း မိမိသည် မင်းသားကြောင့် ဂုဏ်ပျက်ရသည်ဟု ရန်ငြိုးထားလေသည်။

တစ်နေ့သ၌ ဧကရာဇ်မင်းသည် နတ်ပြည်ကို အိပ်မက်တွင် မြင်သဖြင့် နတ်၏ စည်းစိမ်ကို လွန်စွာရလိုသောကြောင့် အမတ်ကြီး ခဏ္ဍဟာလကိုခေါ်၍ နတ်ပြည်ရောက်ရန် နည်းလမ်းကို မေးသည်။ အမတ်ကြီးလည်း နည်းလမ်းကို မသိစေကာမှ မင်းသားကို သတ်ဖြတ်ခွင့်ရစိမ့်သောငှာ လှည့်ဖြားလည်ဆယ်ဉာဏ်ဖြင့် သားသမီး၊ သူကြွယ်၊ နွား၊ မြင်း စသည်တို့ကို သတ်လျှက် လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ရမည်ဟု ပြောကြားသည်။

မင်းလည်း ယုံကြည်၍ သားသမီး မိဖုရားတို့ကို သတ်ရန် ဆောင်ယူစေသည်။ စန္ဒကုမာရ မင်းသားသည် အမတ်ကြီး၏ အကောက်ကြံပုံကို သိရှိသည့်အလျောက် မိမိတစ်ဦးအတွက် အခြားသူများ မသေရလေအောင် လျှောက်ထားရန် ကြံစည်လျက် မင်းကြီးရှေ့တော်သို့ လိုက်ပါလာခဲ့သည်။

ဧကရာဇ်မင်း၏ ယဇ်ပူဇော်ခြင်း အစီအစဉ်ကို ခမည်းတော် မယ်တော်တို့ သိသောအခါ ထိုသို့ပြုခြင်းဖြင့် ငရဲပြည်သို့သာ လားမည်ဖြစ်ကြောင်း၊ ဖျောင်းဖျဆုံးမသည်။ သို့သော် ဧကရာဇ်မင်းလည်း ထိုအဆုံးအမကို ပယ်လေသည်။ ထိုအခါ သားတော် စန္ဒကုမာရ မင်းသားနှင့်တကွ သားမယားများ၊ မှူးမတ်များနှင့် တကွ သားမယားတို့က တစ်လှည့်စီ ငိုကြွေးပန်ကြားကြသည်။ ထိုသို့ပန်ကြားတိုင်း မင်းလည်းစိတ်ညွတ်နူးသဖြင့် ယဇ်ပူဇော်ခြင်း အစီအစဉ်ကို ဖျက်သိမ်းသည်။       

သို့ရာတွင် အမတ်ကြီး ကြား၍ မင်းအားလှည့်ဖြား တိုက်တွန်းပြန်သော် မင်းလည်း ယဇ်အစီအစဉ်ကို ပြုမြဲ ပြုပြန်သည်။ အမတ်ကြီးလည်း အခွင့်သင့်ခိုက် မင်းသားတို့အား သတ်ဖြတ်ရန် စီစဉ်လေသည်။ ဤတွင် တစ်နန်းတော်လုံး ပူပန်ငိုကြွေးကြသည်။ တစ်ပြည်လုံးလည်း ပြည်သူပြည်သားတို့၏ ငိုကြွေးသံများဖြင့် ပဲ့တင်ထပ်လေသည်။

 နောက်ဆုံးတွင် မင်းသား၏ မယ်တော် ဂေါတမီမိဖုရားသည် သစ္စာသာလျှင် ကိုးကွယ်ရာ ရှိတော့်သည်ဟု အောက်မေ့၍ သစ္စာအဓိဋ္ဌာန်ပြုသည်။ ထိုအခါ သိကြားမင်းသည် မနေသာပဲ သံလှံတံကို စွဲ၍ မင်းကြီးထံသို့ လာရောက်ကာ ပြစ်တင်မောင်းမဲသည်။

မင်းလည်း ကြောက်ရွံ့၍ မင်းသားတို့ကို လွှတ်သည်။ ပြည်သူအများလည်း အမတ်ကြီးကို ခဲ၊ အုတ်တို့ဖြင့် ပေါက်သဖြင့် အမတ်ကြီးသေသည်။ မင်းကြီးကိုလည်း သတ်ကြမည်ပြုရာ သားတော်က တောင်းပန်သဖြင့် မသတ်ပဲ ဒွန်းစဏ္ဍားအဖြစ် အဝတ်နွမ်းကိုပေးလျက် နှင်ထုတ်သည်။ စန္ဒကုမာရမင်းသားလည်း ထီးနန်းကို ရရှိသည်။         ဇာတ်ပေါင်းသော် ဂေါတမ မြတ်စွာဘုရား၏ လက်ထက်တွင် ခဏ္ဍဟာလ ပုဏ္ဏားသည် ဒေဝဒတ် စန္ဒကုမာရ မင်းသားသည် မြတ်စွာဘုရားမြတ်စွာဘုရား မယ်တော် ဂေါတမီ မိဖုရားသည် မယ်တော်၊ မင်းသား၏ မိဖုရား စန္ဒဒေဝီကား ယသော်ဓရာ စန္ဒကုမာရမင်းသား၏သား ဝသုလကား ရာဟုလာ ညီတော် ဝါမဂေါတ္တကားရှင်မဟာ ကဿပမထေရ် ဘဒ္ဒသေနညီတော်ကား လက်ဝဲရံရှင်မောဂ္ဂလ္လာန် ညီတော် သူရိယ ကုလာရကား လက်ျာရံ ရှင်သာရိပုတ္တရာ အသီးသီး ဖြစ်လာသည်။
       ဓမ္မပျိုးခင်းမှ ကူသယူဝေငှသည်။

ချဉ်ဖတ်မဟုတ်သော ချဉ်ဖတ်

Venerable Sumingala
အကောက်ပိုင်ရှင်ပေးလာတာပါ
ဖော်ပြပေးလိုက်ပါသည်။ကျေးဇူးတင်ပါသည်။

ချဉ်ဖက် 
======

"ပြေးထားကွ"
"ပြေးကွ"
"မြန်မြန်ပြေးလေကွာ"
"ပြေးပါဟ"

ကျောင်းသားလေးတွေပြေးနေကြတဲ့ အပြေးပြိုင်ပွဲလေးတစ်ခု။ ဆရာ၊ ဆရာမတွေ၊ အတန်းဖော်ညီအစ်ကို မောင်နှမတွေရဲ့ အားပေးမှုတွေနဲ့ ကလေးတွေ ပြေးနေကြတယ်။ ပန်းဝင်ခါနီးပြီ။

ထိပ်ဆုံးမှာပြေးနေတာ နှစ်ယောက်ထဲ တစ်ယောက်က အတန်းထဲမှာ နာမည်ကြီး စာအတော်ဆုံး၊ ဆရာမတွေအချစ်ဆုံး မောင်ထိန်ဝင်း။ သူ့ဘေးမှာကပ်ပြေးနေတာကတော့ ကျောင်းချဉ်ဖက်၊ ထပ်ရှင်းအောင်ပြောရရင် စာမတော်ဘူး၊ ဆရာမတွေအမြင်ကပ်ကြတယ်။ ခိုင်းရင်လုပ်ချင်မှ လုပ်တတ်လို့လေ။ ဒါပေမယ့် သူငယ်ချင်းတွေကတော့ အရမ်းချစ်ကြတယ်။ သူ့နာမည်က မောင်ကြည်လင်။ နာမည်နဲ့လူနဲ့က သိပ်မကိုက် အသားက ခပ်ညိုညို၊ မျက်နှာလေးထောင့်နဲ့ ထူးခြားတာက အမြဲပြုံးနေတတ်သူ။ သို့သော် ပြဿနာကောင်လေး။ နာမည်ပင် ပျောက်နေပြီ။ ချဉ်ဖက်တဲ့ ။

ပရိသတ်ထဲမှာ အသံအထွက်ဆုံးက -
"ထိန်ဝင်းကွ ..... ပြေးကွ ..... မင်းနိုင်ရမယ်ကွ"
ကျောင်းသားလေးတစ်သိုက်ကတော့ -
"ချဉ်ဖက်ပြေးထားကွ ..... ဒီကောင့်ကို အနိုင်ယူပြလိုက်စမ်းကွ"

ထိုစဉ်မှာပင် မောင်ထိန်ဝင်းခြေခေါက်ပြီး တလိမ့်ခေါက်ကွေးပစ်ကျသွားကာ ဂျွမ်းတွေပင်လေးငါးပတ်လောက် ထိုးသွားတယ်ထင်ရတယ်။ ပြိုင်ဘက်မရှိ တစ်ဦးတည်းပန်းဝင်ဖို့ ချဉ်ဖက်အခွင့်အရေး ရလိုက်ပါတယ်။ ကြိမ်းသေကိုရနေပြီ။

အားပေးနေတဲ့ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေထံမှ "ဟာ"ဆိုတဲ့ အသံကြီးကို အလွန်ပင်ကျယ်လောင်စွာ ကြားလိုက်ရပါတယ်။ သူတို့တွေက ထိန်ဝင်းကိုသာ နိုင်စေချင်စိတ် ကြီးစိုးနေချိန် မထင်မှတ်ပဲ အရှုံးနဲ့တွေ့ရမည်ကို အလွန်ပင်နှမြော၍ ထွက်လာသောအသံ ဖြစ်လိမ့်မယ်။

"ဟင်"
ဒီအသံက ပိုကျယ်သွားခဲ့ပါတယ်။ ဘယ်သူမှမထင်မှတ်ထားတဲ့ အပြုအမူ၊ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၍ဖြစ်ပါတယ်။ ပစ်လဲကျသွားသော မောင်ထိန်ဝင်းကို ချဉ်ဖက်က ဆွဲပွေ့လိုက်လို့ပါပဲ။ အားလုံးစိတ်ထင် ချဉ်ဖက်တော့ပျော်ပြီး ပန်းဝင်လိုက်ပြီထင်နေကြတာပါ။ ပန်းဝင်ဖို့ကလည်း ကိုက် ၁၀၀ သာသာကျန်တော့သည်ပေါ့။

မောင်ထိန်ဝင်းကိုဆွဲပွေ့လာပြီး ပြိုင်ပွဲအပြင်ကိုထွက်လာတာ ကျောင်းရဲ့မကောင်းသတင်း နာမည်ကြီး ချဉ်ဖက်ဖြစ်နေသည်ကိုက အားလုံးအတွက် အထူးအဆန်းပမာ ဖြစ်နေကြပါတယ်။

"ဟိုကောင်တွေ လာကြလေကွာ၊ မြန်မြန်လာကွ ဒီကောင့်ကို ဆေးခန်းပို့မှ ရလိမ့်မယ်ထင်တယ်"

ပရိသတ်ကြားမှ အခန်းဖော်တွေ၊ ချဉ်ဖက်သူငယ်ချင်းတွေ ပြေးထွက်လာကြပြီး ညည်းညူနေသော မောင်ထိန်ဝင်းကို ဆေးခန်းပို့ရန် ၀ိုင်း၍သယ်ပိုးကာ ထွက်သွားကြတယ်။ ထိုကြားထဲ ပြေးလိုက်သွားတာကတော့ အလွန်ပင် စိုးရိမ်သောမျက်နှာနဲ့ အတန်းပိုင်ဆရာမ ဒေါ်မြင့်မြင့်ပဲဖြစ်ပါတယ်။ ကျောင်းအလံတိုင်အောက်က အုတ်ခုံလေးမှာ ထိုင်ကျန်ခဲ့တာကတော့ ချဉ်ဖက်ပါပဲ။ ဆေးခန်းကို လိုက်မသွားခဲ့ပါဘူး။ မောနေသော်လည်း ခပ်အေးအေးပုံစံနဲ့ အလံတိုင်ကိုမှီပြီး ရေအိုးစင်ကခပ်လာတဲ့ရေကို စိမ်ပြေနပြေမော့သောက်နေပါတယ်။

"ချဉ်ဖက်"
"လာထိုင်လေကွာ၊ မင်းတို့ရော ဆေးခန်းလိုက်မသွားဘူးလား"

"ထားလိုက်စမ်းပါကွာ၊ မသေနိုင်ပါဘူးကွာ။ ဒါနဲ့ မင်းဘာကြောင့် ပန်းမ၀င်လိုက်တာလဲ။ အခုတော့ မင်းတို့နောက်က ငပုကောင် ပထမရသွားတယ်ကွ။ မင်းပဲ ပထမဆုရတဲ့ လွယ်အိတ်လေးလိုချင်တယ်ဆို"

ချဉ်ဖက်ဘာမှမပြော ခပ်ပြုံးပြုံးပဲ နေနေတယ်။ ထိုစဉ်သူတို့အနားကို PTဆရာဦးညိမ်း ရောက်လာပါတယ်။

"ချဉ်ဖက်"
"ဗျာ.....ဆရာ"

အနားသို့ဆရာရောက်လာသဖြင့် အတင်းကုန်းထပြီး မတ်တတ်ရပ်လိုက်ကြပါတယ်။

"မင်းလိုကောင်မျိုးမှာ ဒီလိုစိတ်ဓာတ်ရှိတာ ငါရော၊ အားလုံးရော အတော်အံ့သြသွားတယ်ကွ။ မင်းကောင်တော့ ခြေဆစ်ခေါက်သွားလို့ မထနိုင်တော့ဘူးတဲ့။ ဒါနဲ့မင်းက ပန်းဝင်ခါနီး ဘာလို့ပန်းမ၀င်ပဲ ထိန်ဝင်းကိုသွားပွေ့ရတာလဲ "

"ဘာမှ မဟုတ်ပါဘူး ဆရာ၊ အဖေက ပြောဖူးတယ် အနိုင်ဆိုတာ တကယ်တော့ အလွယ်ဆုံးရယူနိုင်တယ်တဲ့။ အရှုံးဆိုတာကိုသာ လူတွေအလွယ် မရနိုင်တာတဲ့။ ကျွန်တော်က ဆုံးဖြတ်ပြီးသားပါ။ ပန်းဝင်ခါနီးရင် အလျော့ပေးပြီး ဒီကောင့်ကိုပဲ အနိုင်ပေးလိုက်မှာပါ ဆရာ။ ဒီကောင်က အတန်းထဲမှာလည်း စာအတော်ဆုံး၊ စာစီစာကုံးပြိုင်ပွဲမှာလည်း အမြဲတမ်း ပထမ၊ ဒီလိုလူဆီမှာ အရှုံးဆိုတာကိုလက်ခံနိုင်အား မရှိနိုင်ဘူးလို့ ထင်တယ် ဆရာ။
ဒါ့အပြင် ကျွန်တော်လိုကောင် နိုင်ရင်လည်း မကောင်းပြန်ဘူး။ ထိန်ဝင်းနိုင်ဖို့ကို အားပေးနေတဲ့၊ မျှော်လင့်နေတဲ့သူတွေကို စိတ်ပျက်သွားစေမှာပေါ့။ အဖေက ပြောတယ်။ လောကမှာ သူများကို ကျေနပ်စေတာ၊ ပျော်ရွှင်စေတာ ကောင်းတဲ့အလုပ်၊ လူတိုင်း မလုပ်နိုင်တဲ့အလုပ် တဲ့။
တကယ်တော့ ဆရာရယ် .....
ကျွန်တော်က အမြဲရှုံးနေကြပါ။ သူများတွေအမြင်မှာ ကျွန်တော် ရှုံးနေတာကိုက သူတို့အတွက် ကျေနပ်စရာဖြစ်နေမှာပါ။ အဲ့ဒါကိုက ကျွန်တော့်အတွက်တော့ အနိုင်ပါပဲ ဆရာ "

ဆရာရှေ့မှ ခေါင်းလေးငုံ့ကာ ထွက်သွားသော ချဉ်ဖက် ခေါ် ကြည်လင် ရဲ့ နောက်ကျောကို ဆရာလုပ်သူမှာ ကြည့်နေရင်း (၈)တန်းအရွယ် ကလေးတစ်ယောက်ရဲ့ စကားတွေကို ဘယ်လိုနားလည်ရမှန်းမသိ အံ့သြစွာ ကျန်ခဲ့ပါတော့တယ်။ ဒီလိုစကားတွေကို ဆရာဖြစ်သူ မကြားဖူးပါ။
ဒီလိုကလေးမျိုးမှာ ဒီလောက်မြင့်တဲ့ အတွေးအခေါ်ရှိနေတာ ပိုလို့ပင် အံ့သြစရာ တစ်ခုပါ။

အခြားဆရာတွေကို ဒီစကားတွေ ပြန်ပြောပြရင် ယုံကြပါ့မလား။
အတွေးတွေ များစွာဖြင့် ရပ်နေရင်း ...............

_____________

မောင်ထိန်ဝင်း ကျောင်းပြန်တက်တဲ့နေပေါ့။ အပြေးပြိုင်ပွဲမှာ ပထမဆုရသွားတဲ့ ငပုလို့နာမည်ပြောင်ခေါ်တဲ့ ကျော်စိန်လည်း လွယ်အိတ်တကားကားနဲ့ ကျောင်းတက်လာတဲ့နေပေါ့။

အချိန်က အတန်းပိုင်ဆရာမဒေါ်မြင့်မြင့် အချိန် -

"သားလေး သက်သာလား။ လမ်းကိုဖြေးဖြေးလျှောက်နော်။ အတက်အဆင်း သတိထား သိလား"

အချစ်တော် မောင်ထိန်ဝင်းကို ကရုဏာအပြည့်နဲ့ နိဒါန်းတွေခြွေနေတာပါ။

"ဆရာမ ၀င်ခွင့်ပြုပါ"
အသံကြောင့် ကျောင်းသားတွေ အခန်းပေါက်ဝကို လှမ်းကြည့်မိကြသည်။ အပေါက်ဝတွက်ရပ်၍ ၀င်ခွင့်တောင်းနေတာကတော့ ချဉ်ခက်ပါပဲ။

"ဟိုအကောင် ဟင်..... ဒီနေ့ရော နောက်ကျနေပြန်ပီလား။ မင်းကတော့ အတော်လွန်တာပဲ။ ဘာစည်းကမ်းမှလည်းမသိ၊ မလိုက်နာ။ နင့်လိုကောင်က ကျောင်းတက်နေဖို့ မကောင်းဘူး။
သွား ..... ၀င်၊ သွားထိုင်"

ကပို့ကရိုနဲ့ ချဉ်ဖက်နောက်ဆုံးအတန်းကို အပြေးတစ်ပိုင်းနဲ့ ၀င်ထိုင်လိုက်ပါတယ်။ ချွေးတွေရွှဲနေသော ချဉ်ဖက်မှာ ပုဆိုးစကိုယူပြီး မျက်နှာကို သုတ်လိုက်ပါတယ်။

"မင်း ဘာဖြစ်လို့ နောက်ကျနေတာလဲ"
"ဒီလိုပါပဲကွာ"

ထိုစဉ် အခန်းထဲကို ကျောင်းစောင့်ကိုပေါက်ကြီးပြေးဝင်လာပြီး ...
"ဆရာမ ... ဆရာမ
ဆရာမအိမ် ခုနက မီးလန့်လိုတဲ့"

"ဟင် ..... ဟုတ်လား ... တော်တော်ပါသွားလားရှင်"

ထိုင်ရာမှထလာပြီး အလွန်ပင် သောကရောက်သွားသော ပုံစံဖြစ်နေသော ဆရာမကို ကျောင်းသား၊ကျောင်းသူတွေ ၀ိုင်းကြည့်နေကြပါတယ်။

"ဘာမှ မစိုးရိမ်ပါနဲ့တော့ ဆရာမ၊ မီးက ဘာမှ မလောင်သွားပါဘူး။ ကျောင်းသားလေးတစ်ယောက်တွေ့ပြီး အတင်းဝင်သတ်သွားလို့ မီးငြိမ်းသွားတယ်တဲ့။ ခုပဲ ဆရာမတူလေး လာပြောသွားလို့ ကျွန်တော်လာပြောတာပါ"

ကျောင်းစောင့်ကိုပေါက်ကြီး ပြန်ထွက်သွားပါတယ်။ ဆရာမလည်း အခန်းထဲပြန်ဝင်လာပြီး ခုမှသောကအေးသွားသော မျက်နှာလေးနဲ့ သက်ပြင်းချလိုက်ပါတယ်။

"ကဲ ... ကဲ ... အိမ်စာတွေ လာတင်ကြ။ မတင်တဲ့သူ မပြီးတဲ့သူ ကိုယ့်အသိစိတ်နဲ့ကိုယ် ထွက်လာခဲ့နော်။ ရှေ့မှာ လက်လာမြှောက်ထား"

ရှေ့ဆုံးမှထွက်လာသူက ချဉ်ဖက်ပါ။ ဆရာမလည်း ချဉ်ဖက်ကို မြင်လိုက်တဲ့အခါ အိမ်စာမလုပ်လာရမလားလို့ ဒေါသထွက်သွားပါတယ်။

"ဟဲ့ ... ကြည်လင် !! နင် အိမ်စာမလုပ်ခဲ့ပြန်ဘူးလား "
"ဟဲ ... ဟဲ ... ဒီတစ်ခါတော့ လုပ်ခဲ့ပါတယ် ဆရာမ။ ဒါပေမယ့် စာအုပ်ဘယ်မှာကျကျန်ခဲ့လည်း မသိဘူး။ မတွေ့တော့လို့ လာအပြစ်ခံတာပါ"

"နင်ဟာလေ ... ငါ့တောင် လာလိမ်နေတယ်ပေါ့။ လာခဲ့ ။ နင့်လိုကောင်ကို အရည်ဆုတ်ပစ်မှရမယ်"

ခုံပေါ်မှ ကြိမ်လုံးကိုလှမ်းယူပြီး ရိုက်ရန်ပြင်လိုက်ပါတယ်။

"ခဏ ... ဆရာမ ... ခဏ ၊ ရိုက်တာတော့ရိုက်ပါ ဆရာမ။ ဒါပေမယ့် ကျွန်တော်မလိမ်ပါဘူး။ အိမ်စာတကယ်လုပ်ခဲ့ပါတယ်။ စာအုပ်လည်းတကယ် ပျောက်သွားတာပါ။ အဖေကပြောဖူးတယ်။ အပြစ်ဆိုတာ ရှိရင်တော့ခံရမယ်။ အပြစ်သက်သာအောင်တော့ ဘယ်တော့မှမလိမ်ရဘူးတဲ့။ အဒါ ယောက်ျားကောင်းတို့ရဲ့အလုပ် မဟုတ်ဘူးတဲ့ ဆရာမ"

"ဒီကောင်ကတော့ ..... ကဲဟယ် ... ကဲဟယ် ... "

ကြိမ်ငါးချက်ကို အပြုံးမပျက်ပဲ ချဉ်ဖက်ခံယူလိုက်ပါတယ်။ အရိုက် ခံလိုက်ရတဲ့အတွက် လက်မမြှောက်ရတော့ပဲ ပြန်ဝင်ထိုင်ရပါတယ်။
ချဉ်ဖက်ရဲ့ထူးခြားချက်မှာ အပြုံးမပျက်ခြင်းပဲ။
..........
ညနေ ကျောင်းဆင်းပါပြီ။
ဆရာမဒေါ်မြင့်မြင့်လည်း မနက်ကကြားထားတဲ့ ကိစ္စကြောင့် အိမ်ကို အမြန်ပြန်လာခဲ့ပါတယ်။ အိမ်ကို ရောက်ရောက်ခြင်း ထိုင်နေတဲ့မိခင်ကြီးကို ဘယ်လိုက ဘယ်လိုဖြစ်တယ်ဆိုတာ မေးပါတော့တယ်။
ဆရာမတို့အိမ်ဟာ လမ်းမဘေးမှာရှိနေတာပါ။ ခြံစည်းရိုးနဲ့လည်းအိမ်ဟာ သိပ်မလှမ်းပါဘူး။ ဖြစ်ပုံကို မိခင်ကြီးရှင်းပြသည်ကတော့ -

"သမီးရယ် အမေက ဘုရားမီးပူဇော်ပြီး နောက်ဖေူးမှာ ဟင်းအိုးသွားကြည့်တာ။ အဲ့ဒါ ဘုရားမီးက ပြုတ်ကျပြီး အောက်က ဘုရားရှိခိုးရင်ထိုင်တဲ့ ပိတ်စအခင်းပေါ်ကျပြီး မီးထလောင်တာပါပဲ သမီးရယ်။
အဲ့ဒါနဲ့ လမ်းကဖြတ်သွားတဲ့ ကျောင်းသားလေးတစ်ယောက်က လှမ်းတွေ့လို့ အတင်းတက်လာပြီး သူ့လွယ်အိတ်လေးနဲ့ မီးကိုရိုက်သတ်တာပေါ့။ မီးက မငြိမ်းတော့ အနီးက သောက်ရေအိုးကို မပြီး ငြှိမ်းလိုက်တယ်လေ။
အမေလည်း ကြောက်ပြီး ကြောင်ကြည့်နေမိတာပေါ့။ အဲ့ဒီကလေးက မိးလည်းငြိမ်းရော သားကျောင်းနောက်ကျနေလို့ ခွင့်ပြုပါဦးဆိုပြီး ဆင်းပြေးသွားပါလေရော။ သူသာမလာခဲ့ရင် အခုအိမ်တောင် ကျန်မယ်မထင်တော့ဘူး။ ဒါနဲ့ ဘုရားစင်နားက ဘီဒိုအောက်က သူ့စာအုပ်လေးတောင် လွင့်ကျကျန်ခဲ့သေးတယ် သမီးရဲ့ "

အမေဖြစ်သူက ရှေ့စားပွဲပေါ်မှခပ်နွမ်းနွမ်းစာအုပ်လေးကို ယူ၍ သမီးဆရာမကို လှမ်းပေးလိုက်ပါတယ်။ ဆရာမလည်းလှမ်းယူပြီး အဖုံးပေါ်မှနာမည်ကို ကြည့်လိုက်မိသောအခါ ရင်ထဲမှာ မီးတွေတောက်လောင်သွားသလားတောင် ထင်မိလိုက်ပါတယ်။

စာအုပ်အဖုံးပေါ်ရေးထားတာက
မောင်ကြည်လင်
ROOM - C
Grade - 9
...............
ဆရာမလည်းစာအုပ်ကို အတင်းကာရော လှန်ကြည့်မိလိုက်ပါတယ်။ မျက်ရည်တွေ လိမ့်ကျလာပါရောလား။ နောက်ဆုံးစာမျက်နှာမှာ သူမ အိမ်စာအဖြစ်ပေးလိုက်သော Essayအား သေသပ်စွာရေးထားသည်ကို တွေ့လိုက်ရပါတယ်။
ရုပ်ရှင်ပြကွက်လို မျက်စိထဲမှာ ပြန်လည်မြင်လာမိပါတယ်။ သူ အမှန်တွေပြောခဲ့သော်လည်း မယုံခဲ့မိဘူး။ ဒေါသကြောင့် အားပြင်းပြင်းနဲ့ ရိုက်ခဲ့မိတဲ့ ကြိမ်ဒဏ်ငါးချက်ကို တွေးမိပြီး မျက်ရည်တွေ ပိုကျလာမိတယ်။ ................
သူ့အခန်းထဲရောက်လာတဲ့ ကာလတစ်ခုလုံး တစ်ခါမှ မျက်နှာသာ မပေးမိဖူးသော ကျောင်းသားလေး၊ စကားကြီး၊စကားကျယ်တွေကို အမြဲပြောတတ်လို့ အမြင်ကပ်မိသော ကျောင်းသားလေး၊ အမြဲပြုံးနေတာကို ရိသလိုလုပ်နေတယ်၊ ပြောင်စပ်စပ်လုပ်နေတယ် ထင်မိပြီး မျက်မုန်းကျိုးခဲ့မိသော ကျောင်းသားလေး။ တကယ်တော့ .....
တကယ့်လူတော်လေးပါ။ ပြီးခဲ့တဲ့တစ်ပတ်က အပြေးပြိုင်ပွဲမှာ ပထမဆုအလွယ်လေးရယူနိုင်သော်လည်း ပန်းမ၀င်ပဲ သူငယ်ချင်းကို ပြေးကူခဲ့တယ်။ ခုလဲ ကျောင်းမှာပြောပြရင် ရရဲ့သားနဲ့ နေရာမယူဘူး။ နာမည်ကောင်းမယူခဲ့ဘူး။ ကျောင်းအလုပ်တွေ ခိုင်းသမျှလည်း တစ်ခါမှ မငြိုငြင်ခဲ့ဖူးဘူး။
...............

နောက်တစ်ရက် မနက်ခင်း ...
ကျောင်းခေါင်းလောင်းသံကြောင့် ကျောင်းသားတွေ အတန်းတွေထဲကိုဝင်ပြီး နေရာယူကြပါတယ်။ ဆရာမဒေါ်မြင့်မြင့် ဒီနေ့ကျောင်းကိုခပ်စောစော ရောက်လာပြီး အခန်းထဲကိုလည်း ခပ်စောစောလာခဲ့မိတယ်။ စိတ်စောနေမိတယ်။ ကျောင်းသားတစ်ယောက်ကို အလွန်တွေ့ချင်နေမိပြီး ကျောင်းသားတွေကို ခဏခဏလှမ်းကြည့်နေမိတယ်။ သူရှာနေတဲ့ ချဉ်ဖက် ကျောင်းကို ရောက်မလာသေးပါ။ ကျောင်းတက်ခေါင်းလောင်းထိုးပြီး၍ နိုင်ငံတော်သီချင်းဆို၊ ဘုရားရှိခိုးပြီးသည်အထိ ကြည်လင်(ချဉ်ဖက်) ရောက်မလာသေးပါဘူး။ စာသင်ဖို့ပင် စတင်နိုင်ပြီ ဖြစ်သော်လည်း ဆရာမတစ်ယောက် ကြည်လင်ကို မျှော်နေမိ၍ စာမသင်ဖြစ်သေးပါ။
......
ဖိနပ်သံကြားလိုက်ရပါတယ်။ ပြေးလာနေတဲ့ အသံတစ်ခု။
"ဆရာမ ... ၀င်ခွင့်ပြုပါ"

အခန်းဝမှ ၀င်ခွင့်တောင်းသံကြောင့် လှမ်းကြည့်မိလိုက်တဲ့အခါ -

"ဟင်"
ဆရာမထိုင်နေရာမှ အတင်းထပြေးသွားမိသည်။ ကျောင်းသားတွေလည်း "ဟာ"ခနဲဖြစ်၍ မတ်တတ်တွေ ထရပ်ကုန်ကြတယ်။ အခန်းဝတွင် ခေါင်းမှာ ပတ်တီးအဖွေးသားနှင့် ပြုံးနေသော ...
မောင်ကြည်လင်။
ဒါမှမဟုတ် အများအခေါ် ချဉ်ဖက်ကို တွေ့လိုက်ရ၍ဖြစ်သည်။

"သားရယ်.....
ဘာဖြစ်လာတာလဲဟင်။ ခေါင်းမှာလည် ပတ်တီးကြီးနဲ့ပါလား"

ဆရာမရဲ့ ကရုဏာသက်နေတဲ့မြင်ကွင်းကို တွေ့သော်လည်း မအံ့သြပဲ ခပ်ပြုံးပြုံးပဲ နေနေပါတယ်။

"ဘာမှ မဖြစ်ပါဘူး ဆရာမ။ ခေါင်းနည်းနည်းပေါက်သွားတာပါ။ မနက်က အစောကြီး အမေ့ကို ဈေးထကူပြီး ဆိုင်ဖွင့်ပေးနေတာ ဘယ်ကလာတဲ့ ခဲလည်းမသိပါဘူး ဆရာမရယ် ၊ အဲ့ဒါလာမှန်ပြီး ခေါင်းပေါက်သွားလို့ပါ"

"သားရယ် ... ဖြစ်မှဖြစ်ရလေ။ မင်းလို စိတ်ကောင်းရှိတဲ့သူတောင် ခဲနဲ့ ချောင်းပစ်တဲ့သူ ရှိတယ်တဲ့လား"

"ဆရာမ"
"ဘာလဲ မောင်ထိန်ဝင်း"

ထိန်ဝင်းခေါ်သံကြောင့် ကျောင်းသားတွေရဲ့ မျက်လုံးအကြည့်တွေ သူ့ဆီ ရောက်သွားကြပါတယ်။ ထိန်ဝင်းမှာ မျက်နှာငယ်လေးနဲ့ ဖြစ်နေပါတယ်။

"ဆရာမ.....
ချဉ်ဖက်ကိုလေးခွနဲ့ ချောင်းပစ်တာ သားပါ"
"ဟင်"

အားလုံးအလွန်ပင် အံ့သြမင်သက်သွားကြပါတယ်။
ထိုအခါ ချဉ်ဖက်က -

"သူငယ်ချင်းထားလိုက်ပါကွာ။ မင်းမပြောပြလဲ ငါသိပြီးသားတွေပါ။ ထားလိုက်စမ်းပါ။ မေ့သာ ထားလိုက်စမ်းပါ။ ငါ ဘယ်သူ့မှ အပြစ်မတင်ပါဘူးကွာ။ ငါ့မှာ ခံသင့်တဲ့ အကြောင်းကိစ္စရှိလို့သာ ခံရတာပါကွာ။ မင်းနဲ့ ဘာမှ မဆိုင်ပါဘူး။
ဟဲ ... ဟဲ ...
ထိသွားတာလည်း နည်းနည်းပါကွာ။ ဘာမှမဖြစ်ပါဘူး။ မင်းဘာမှ ဆက်ပြောမနေနဲ့တော့။ ထိုင်ပါကွာ "

အားလုံး ပိုလို့အံ့သြသွားကြပါတယ်။ ခပ်ပြုံးပြုံးနဲ့ နောက်ဆုံးတန်းကို လှမ်းဝင်သွားသော လူထူးဆန်းချဉ်ဖက်ကို ၀ိုင်းကြည့်နေမိကြတယ်။
ကိုယ့်ကိုခေါင်းပေါက်အောင် လေးခွနဲ့ချောင်းပစ်ခံရတာတောင် ခပ်အေးအေးပုံစံနဲ့၊ အပြစ်လုပ်သူကိုတောင် အပြစ်မမြင်ပါလား။

"ထိန်ဝင်း"

ဆရာမရဲ့ ဒေါသသံစွပ်ဖက်နေသောခေါ်သံကြောင့် ထိန်ဝင်းလန့်သွားကာ ထိုင်ရာမှ ထလိုက်ပါတယ်။

"မင်းက ဘာဖြစ်လို့ မောင်ကြည်လင်ကို လေးခွနဲ့ ချောင်းပစ်ရတာလဲ။ မင်းကွာ ..... မတော် မျက်လုံးမှန်သွားရင် ဘယ့်နှယ်လုပ်မလဲ။ ဟိုက ရဲသွားတိုင်ရင်လည်း နင် အဖမ်းခံရမှာ သိရဲ့လား "

"ဟုတ် .....
သားမှားသွားပါတယ်။ ပြေးပွဲနေ့က သူဝင်တိုက်လိုက်လို့ လဲကျသွားတယ် ထင်ပြီး လေးခွနဲ့ချောင်းပစ်မိတာပါ ဆရာမ"

"သူသာ အကျင့်မကောင်းရင် နင်လဲသွားတော့ ပထမရအောင် ပန်းဝင်ယူမှာပေါ့။ ခုတော့ သူ့ကြောင့် နင် ဆေးခန်းကို မြန်မြန်ရောက်ရတာလေ"

"ဆရာမ .....
သားကို စကားပြောခွင့် နည်းနည်းလောက် ပေးပါလား"
နောက်တန်းမှ ချဉ်ဖက်ထ၍ ပြောလိုက်ခြင်း ဖြစ်သည်။

"သူ့ကို အပြစ်မတင်ပါနဲ့တော့ ဆရာမ။ တကယ်က သားအပြစ်တွေပါ။ ကိုယ့်ကို အမြင်မကြည်ဖြစ်နေတဲ့သူကို အမြင်ကြည်အောင် ပြောတာနဲ့ မရနိုင်ဘူးတဲ့။ အချိန်အခါနဲ့ အလုပ်ကပဲ ဖြေရှင်းပေးနိုင်တယ်တဲ့။ ဒါကြောင့် ဘာမှ မရှင်းပြမိတာ သားအပြစ်တွေပါ။ ပြီးတော့
ကိစ္စတစ်ခုကို ပြီးသွားတဲ့အခါ ပြီးတဲ့အပေါ်မှာ မျက်နှာသာ ၀င်မယူရဘူးတဲ့။ ကိုယ့်ကောင်းကြောင်း ကိုယ်တိုင်ဝင်ပြောပြီး မျက်နှာသာရအောင် ဘယ်တော့မှ မလုပ်မိစေနဲ့တဲ့။ ဒါကြောင့်
ကိစ္စတွေအားလုံး ထားလိုက်ပါ ဆရာမ။ သား ..... အားလုံးကို ခွင့်လွှတ်သလို အားလုံးကိုလည်း နားလည်ပေးနိုင်ပါတယ် " ..........

ပုရွက်ဆိတ်လိုလူသားလားနှင့်ဘဝ
အတွက်ဖတ်စရာစာပေ။

               ၇Facebookမှ
ကူးယူဝေငှသည်။

အားလုံးကို နှလုံးအေးစေသူ(သို့) ချဉ်ဖတ် မဟုတ်တဲ့ ချဉ်ဖတ်

အတွက်ဖတ်စရာများ

Photos!!!ဆရာမလေးများစုဝေးရာနယ်မြေ
Facebook မှ ကူးယူဝေငှပါသည်။

တံမြက်လှည်းခြင်းဧ။် ကောင်းကျိုးများ

တံမြက်စည်း လှည်းခြင်း၏ အကျိုးကျေးဇူး ကြီးမားပုံ

******************************************
ယနေ့ခေတ်မှာ ခေတ်လူငယ်များ ဘုရားရင်ပြင်၊
ကျောင်းအ၀န်းစသည်တို့မှာ ညီညာစွာ တံမြတ်လှည်း
သန့်ရှင်းရေးလုပ်ကြတာ တွေ့မြင်ရလို့ ကြည်နူးမိပါတယ်။

အချို့လူငယ်များဆိုရင် စေတနာအဖွဲ့ ဖွဲ့ပြီး ရပ်ကွက်၊
မြို့နယ်တွေမှာရှိတဲ့ ရိပ်သာများ၊ ဘကကျောင်းများမှာ
သန့်ရှင်းရေးဝေယျာဝေစ္စဆောင်ရွက်တာတွေ သိရလို့
ပီတိဖြစ်ရတယ်။

 အင်မတန်ကောင်းမြတ်ပြီး
သန့်ရှင်း ရိုးသားတဲ့ စေတနာပါပဲ။
ဒါကြောင့် သူတို့လေးတွေ ပိုမိုကုသိုလ်ပွားနိုင်စေရန်အလို့ငှါ
တစ်ကြိမ်တစ်ခါ တံမြတ်စည်းလှည်းရုံ နဲ့ ကောင်းကျိုးအလီလီခံစားရတဲ့
မထေရ်အကြောင်းလေးကို ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။

သူ့နာမည်က “သကိံသမ္မဇ္ဇမထေရ်”လို့ ခေါ်ပါတယ်။
ဝိပသီဘုရားလက်ထက်တုန်းကပေါ့ မထေရ်လောင်းဟာ
တစ်နေ့မှာ “သခွက်ဗောဓိပင်” ရှေ့ရောက်တဲ့အခါ
ဘုရားပွင့်ခဲ့တဲ့ ဗောဓိပင်ကို ကြည်ညိုစိတ်ဖြစ်ခဲ့တယ်။

နောက်ပြီး အဲအပင်အောက် မှာ ပြန့်ကျဲနေတဲ့
သစ်ရွက်တွေကို သန့်ရှင်းချင်စိတ်ပေါ်လာတာနဲ့
တံမြက်စည်းကိုင်ပြီး လှည်းခဲ့ပါတယ်။

တံမြတ်စည်းလှည်းခဲ့တာလေးကို စိတ်ထဲ အပြန်အလှန်
အောက်မေ့ရင်း အပြန်မှာ စပါးကြီးမြွေနဲ့တွေ့လို့
အမျိုခံလိုက်ရပါတယ်။ 

သူဟာ ကောင်းတဲ့ အာရုံနဲ့
သေခဲ့တာဖြစ်လို့ သေပြီးနောက်မှာတော့ နတ်ပြည်မှာ
နတ်သားသွားဖြစ်ခဲ့ပါတယ်။ 

နတ်စည်းစိမ်ကို ခံစားခဲ့တယ်။
အဲဒီအချိန်ကစပြီး သူရဲ့ စိတ်ဟာ နောက်ကျူခြင်းမရှိ၊
အမြဲကြည်လင်နေခဲ့တယ်။

နုနာ၊ ၀ဲနာ၊ ပွေးနာ၊ ၀က်ရူးပျံရောဂါ၊ အနာကြီးရော စတဲ့
အနာမျိုးစုံမှ ကင်းဝေးခြင်းအကျိုးခံစားခဲ့ရတယ်။
စိုးရိမ်ခြင်း၊ ပူပန်ခြင်းမရှိ၊ စိတ်ဓာတ် အမြဲ တည်ငြိမ်နေတယ်။
တစ်စုံတစ်ခုကြောင့် တုန်လှုပ်ခြင်းမရှိ။
သမာဓိကို လိုချင်တဲ့အချိန်မှာ ခဏလေးနဲ့ ရအောင် လုပ်နိုင်တယ်။

နှစ်သက်ဖွယ်အာရုံ၌ မနှစ်သက်၊
အမျက်ထွက်ဖွယ်အာရုံ၌ အမျက်မထွက်၊
တွေဝေစရာအာရုံ၌ မတွေဝေရပါ။

တံမြတ်စည်းလှဲခဲ့တဲ့အချိန်ကစလို့ “အပါယ်လေးပါး”
လားရတယ်ဆိုတာ မရှိခဲ့ပါဘူး။

နောက်ဆုံး အခု ဂေါတမဘုရားရှင်လက်ထက်မှာ
အာသဝေါကုန်ခမ်းလို့ “ရဟန္တာ” ဖြစ်ရပါတယ်။
ဒါဟာ ဗောဓိပင်အောက်မှာ တစ်ကြိမ်တစ်ခါ
တံမြတ်စည်းလှဲခဲ့ရတဲ့ အကျိုးပါပဲ။
တစ်ကြိမ်တစ်ခါ စေတနာထက်သန်စွာ တံမြတ်စည်း
လှဲခဲ့တာလေးတောင် ခုလို ကြီးမားတဲ့အကျိုးပေးတယ်ဆိုရင်
အကြိမ်များစွာပြုလုပ်တဲ့ စေတနာရှင်များ မှာ ပြောဖွယ်မလိုပါ။

ကိုယ်လုပ်တဲ့အလုပ်ရဲ့ မြင့်မြတ်မူလေးကို အာရုံပြုပြီး
စေတနာတိုးပွားအောင်လုပ်ဆောင်ဖို့ပဲလိုပါတယ်။
ဒါ့အပြင် မိမိငယ်စဉ်က ရဖူးတဲ့ကဗျာလေးတစ်ပုဒ်ရှိပါတယ်။
ရေးတဲ့ဆရာတော်ကိုတော့မမှတ်မိတော့ပါဘူး။

“သူ့စိတ်ကိုယ့်စိတ်၊ ယိုဖိတ်ကြည်လင်၊
နတ်တို့လေးစား၊ သနားချစ်ခင်၊
ကြည်ညိုဖွယ်ကောင်း ဂုဏ်ပေါင်းမြတ်ရှင်၊
နတ်ပြည်ရောက်ထွန်းတောက်ကျိုးငါးအင်”တဲ့။

တံမြတ်လှည်းရခြင်းရဲ့ အကျိုးငါးပါးဖြစ်ပါတယ်။
လှည်းသူရဲ့စိတ်ရော မြင်တဲ့သူရဲ့စိတ်ရော ကြည်လင်ပါတယ်။
ဗုဒ္ဓဝေယျာဝေစ္စ၊ သံဃာ့ဝေယျာဝေစ္စလုပ်နေလို့
နတ်တွေလေးစားတယ်။ ချစ်ခင်စောင့်ရှောက်တယ်။

ဂုဏ်သတင်းတွေ သင်းပျံ့တယ်။
သေရင် နတ်ပြည်ရောက်တယ်။
ဓမ္မပျိုးခင်းမှ ကူးယူဝေငှသည်။