“ပူတိဂတ္တိမထေရ်၏ဝဋ်ကြွေး”
(ဓမ္မပျိုးခင်းမှ ကူးယူဝေငှပါသည်)
••••••••••••••••••••••••
သာဝတ္ထိမြို့နေ အမျိုးကောင်းသားတစ်ဦးသည်
မြတ်စွာဘုရားထံမှ တရားနာပြီးနောက် ဘုရားရှင်
သာသနာကို အသက်ပေးပြီး ရဟန်းပြုလေသည်။
ရဟန်းပြုပြီးနောက် တိဿမထေရ်ဟု အမည်တွင်ခဲ့သည်။
နောင်ကာလဝယ် တိဿမထေရ်၏ကိုယ်၌
ရှေးဦးစွာ မုန်ညင်းစေ့ခန့်ရှိသော အိုင်းအမာတို့သည်
ပေါက်ကုန်သည်။
ထိုအိုင်းအမာတို့သည် ပဲနောက်စေ့ခန့်၊ ပဲစင်းငုံသီးခန့်၊
ဆီးသီးခန့်၊ ဇီးဖြူသီးခန့်၊ ဥသျှစ်သီးခန့်ရှိအောင်
အစဉ်အတိုင်း ကြီးပွားလာကြပြီး အနာတို့
ပေါက်ကွဲလာသောအခါ တစ်ကိုယ်လုံးသည်
အပေါက်ပေါက်ဖြစ်လာသည်။
ထိုအခါ ပူတိဂတ္တမထေရ်ဟု အမည်ထင်ရှားလာခဲ့သည်။
ထိုမှနောက် မထေရ်၏အနာတို့သည် အရိုးသို့
ဝင်ရောက်ခဲ့ပြီး မသုတ်သင်နိုင်သော အဖြစ်သို့
ရောက်လေသည်။
ဝတ်ရုံသော အဝတ်ရုံတို့သည်လည်း ပြည်သွေးတို့ဖြင့်
အလိမ်းလိမ်း အကျံကျံဖြစ်ကာ လုံးပတ်ရစ်ထွေး
ဖြစ်နေလေသည်။
အတူနေတပည့်စသောသူတို့ကလည်း ကြည့်ရှုပြုပြင်
သုတ်သင်ခြင်းငှာ မစွမ်းနိုင်ကြသောကြောင့်
ရှောင်တိမ်းနေကြတော့သည်။
သို့အတွက် ပူတိဂတ္တမထေရ်တွင် ကြည့်ရှုမည့်သူမရှိ။
ကိုးကွယ်ရာမဲ့ဖြစ်ကာ တစ်ယောက်တည်း
ညောင်စောင်း၌ အိပ်နေရလေသည်။
ဘုရားရှင်သည် နံနက်မိုးသောက်၍ ကျွတ်ထိုက်သူတို့ကို
ရှုကြည့်သည်ရှိသော် ပူတိဂတ္တမထေရ်ကို မြင်တော်မူသည်။
“ဤရဟန်းအား ငါမှတစ်ပါး အခြားကိုးကွယ်
ဆောက်တည်ရာ မရှိပြီ” ဟုဆင်ခြင်တော်မူပြီး
ဂန္ဓကုဋိတိုက်မှ ထွက်ကြွ၍ ကျောင်းစဉ်
လှည့်သကဲ့သို့ လှည့်ပြီး မီးတင်းကုတ်သို့
ကြွတော်မူသည်။
မီးဖို၌တည်ထားသော ရေနွေး ပူသည်အထိ
မီးတင်းကုပ်၌စောင့်ပြီး ရေနွေးပူလာသောအခါ
ပူတိဂတ္တိမထေရ်၏ ညောင်စောင်းရှိရာသို့ ကြွသွားပြီး
လက်တော်ဖြင့် ညောင်စောင်းကို သုံးသပ်တော်မူလေသည်။
ထိုအခါကျမှ ရဟန်းများရောက်လာကြပြီး
ဘုရားရှင်၏ အလိုဆန္ဒအတိုင်း ပူတိဂတ္တမထေရ်၏
ညောင်စောင်းကို ဝိုင်း,မကာ မီးတင်းကုပ်သို့
သယ်ဆောင်ကြသည်။
ဘုရားရှင်သည် သရက်ခေါက်ကို ခွါယူကြိုချက်စေပြီး
ရေနွေးဖြင့် မထေရ်၏ကိုယ်ကို သွန်းလောင်းစေသည်။
ထို့နောက် သင်္ကန်းကိုခွါယူကာ သင်္ကန်းကိုလည်း
လျှော်ဖွပ်စေပြီး နေပူလှန်းပေးစေသည်။
ထို့နောက် ပူတိဂတ္တမထေရ်၏ထံ၌ ရပ်နေပြီး
ကိုယ်ကို ရေနွေးဖြင့် သွန်းလောင်းဆွတ်ဖျန်း
ပွတ်တိုက် ချိုးပေးစေလေသည်။
ရေချိုးပြီးသောအခါ ခြောက်သွေ့သော အပေါ်ရုံ
သင်္ကန်းကိုဝတ်ရုံစေပြီး အတွင်းသင်္ကန်းကိုခွါကာ
လျှော်ဖွပ်စေပြီး နေပူလှန်းစေပြန်သည်။
ပူတိဂတ္တမထေရ်သည် ရေဖြင့် သန့်ရှင်းစင်ကြယ်
သွားသဖြင့် ပေါ့ပါးသောကိုယ် နှင့်
တည်ကြည်သော စိတ်နှလုံးရှိလာပြီး
ညောင်စောင်းထက်၌ပင် လဲလျောင်းနေရသည်။
ဘုရားရှင်သည် ပူတိဂတ္တမထေရ်၏
ဦးခေါင်းရင်း၌ ရပ်လျက်-
“ချစ်သား...ပူတိဂတ္တ ဆံပင်စသော
သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသအစုတို့ဖြင့်
ပြုပြင်စီရင်ထားအပ်သော အလျားတစ်လံ၊
အနံတစ်ထွာမျှ ရှိသော ဤကိုယ်ခန္ဓာ
အကောင်ပုပ်သည်ကား စောင့်ရှောက်အပ်သော
ဝိညာဉ်မှကင်း၍ အကြွင်းမဲ့ချုပ်သည်ရှိသော်
ကောင်းရာဟူ၍ ဘာမျှမရှိဘဲ ဖွဲထင်းနှင့်တူစွာ
မြေထက်၌ ပက်လက်အိပ်ရသည်သာဖြစ်သည်”
ဟု ဟောတော်မူသည်။
ထိုတရားတော်၏အဆုံးဝယ် ပူတိဂတ္တမထေရ်သည်
ပဋိသမ္ဘဒါနှင့်တကွ အရဟတ္တဖိုလ်ဆိုက်
ရဟန္တာဖြစ်ပြီးနောက် ပရိနိဗ္ဗာန်စံယူတော်မူလေသည်။
“အတိတ်မကောင်းမှုကံ”
•••••••••••••••••••
ကဿပဘုရားရှင် ပွင့်တော်မူစဉ်က ဖြစ်သည်။
ပူတိဂတ္တမထေရ်လောင်းသည် ငှက်မုဆိုးအတတ်ဖြင့်
ငှက်အပေါင်းတို့ကို သတ်ဖြတ်ကာ
အစိုးရသောသူတို့ကို ခ,စား လုပ်ကျွေးနေသည်။
မင်းထံသို့သွင်းပြီးမှ ပိုသောငှက်သတ္တဝါတို့ကို
အခြားသူတို့ကို ရောင်းစားသည်။ ရောင်းမကုန်သော
သားငှက်တို့ကို သတ်ထားလျှင်လည်း
ပုပ်ကုန်မည်စိုးသောကြောင့် မပျံနိုင်အောင်
ဒူးဆစ်အရိုး၊ အတောင်တို့ကို ရိုက်နှက်ချိုးဖဲ့ထားပြီး
စုပုံထားသည်။
နံနက်မိုးသောက်သော် တစ်ဖန် ပြန်ရောင်းစားပြန်သည်။
များစွာပိုလွန်းက မိမိအတွက် ချက်စားလေ့ရှိသည်။
တစ်နေ့တွင် ငှက်မုဆိုးသည် အိမ်တွင် ကောင်းမွန်သော
ဘောဇဉ်တို့ကို ချက်ပြုတ်ထားစဉ် ရဟန္တာတစ်ပါး
ကြွလာသည်ကိုမြင်၍ ကြည်ညိုသော သဒ္ဓါစိတ်ဖြစ်ကာ
မထေရ်ကို ပင့်ဖိတ်၍ မြတ်သောဘောဇဉ်တို့ကို
ပေးလှူသည်။
ပြီးလျှင် “အရှင်ဘုရားရသောတရားကို
နောင်တစ်ချိန်တွင် ရပါလို၏” ဟု ဆုပန်လေသည်။
ရဟန္တာမထေရ်ကလည်း “ဒါယကာ အသင့်တောင်းဆု
ပြည့်စေ” ဟု ဆုပေးတော်မူလေသည်။
ထိုမုဆိုးသည် သေလွန်ပြီးနောက် ငရဲ၌
နှစ်ပေါင်းများစွာ ခံရသည်။ ငရဲမှလွတ်သော်လည်း
ဖြစ်လေရာ ဘဝတိုင်း၌ ခြေကျိုး၊ လက်ကျိုးစသော
မကောင်းဆိုးကျိုးကို ပြန်လည်ခံစားရလေသည်။
ငှက်မုဆိုးဘဝ မကောင်းမှုဝဋ်မျိုးစေ့ကို ချခဲ့သဖြင့်
မိမိ၏မျိုးစေ့ ပေါက်ရောက် ရှင်သန်ကြီးထွားမှုကြောင့်
ခံစားရသော ဝဋ်ကြွေးပင် ဖြစ်ပါသည်။
Credit: Young Buddhist Association

No comments:
Post a Comment