ပဋ္ဌာန်းရွတ်သံနောက် ခြေရာကောက်ရင်း ဘုရားသားတော်စစ်စစ် ဖြစ်လာခဲ့သူ (သို့မဟုတ်)ဆရာတော် ဦးအင်္ကုရ၏ ဘ၀ဖြတ်သန်းမှု အကြောင်း
(စာရေးဆရာကိုမိုးအောင်လင်းနိုင်က မိမိ(ဦးအကုင်္ရ)အား သိလိုသည်များကို မေးမြန်းပြီး မိမိအကြောင်း တစ်စိတ်တဒေသရေးသားထာကခြင်းဖြစ်ပါတယ် FBမှာ တစ်ကြိမ်တင်ခဲ့ပြီးဖြစ်ပါတယ် မက်ဆေ့ဘောက်ကနေမေးမြန်းမှုများကို တစ်ယောက်ချင်းပြန်မဖြေအားတဲ့အတွက် FBသို့ ဒုတိယအကြိမ်ပြန်တင်ပေးလိုက်ပါတယ်)
(၁)
ပုဂ္ဂိုလ်တစ်ဦး၊ လူတစ်ယောက်ဟာ လူ့လောကကြီးထဲ စတင်မွေးဖွားလာချိန်ကနေ အရွယ်ရောက် ကြီးပြင်းတဲ့အထိ သူယုံကြည်ကိုးကွယ်လာတဲ့ ဘာသာတစ်ခုခုကနေ တခြား ဘာသာတစ်ခုကို ကူးပြောင်းလာဖို့ဆိုတာ တော်ရုံတန်ရုံ စိတ်ဓာတ်သတ္တိမျိုးနဲ့ ရနိုင်တာမဟုတ်ပါဘူး။ ငွေကြေးဥစ္စာ နဲ့ မက်လုံးတစ်ခုခုကြောင့်လည်းမဟုတ်၊ အတင်းအဓမ္မ အနိုင်ကျင့်ဖိအားပေးမှုကြောင့်လည်း မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ယုံကြည်ချက်ကြောင့် ဘာသာကူးပြောင်းလာသူ တွေ ကြုံတွေ့ရမယ့် အခက်အခဲ၊ အကျပ်အတည်းတွေကို မိတ်ဆွေ တွေးကြည့်မိပါရဲ့လား။
ပထမဆုံးအနေနဲ့ ကိုယ့်မိဘအသိုင်းအဝိုင်းရဲ့ သဘော တူညီချက်မပါဘဲ အယူဝါဒအစွဲကြီးလွန်းတဲ့ ဘာသာတစ်ခု ကနေ နောက်ဘာသာတစ်ခုကိုပြောင်းမယ်ဆိုရင် အဲဒီလူကို ဆိုင်ရာလူမှုပတ်ဝန်းကျင်က အပြစ်သားတစ်ခုလို သတ်မှတ် ကြလိမ့်မယ်။ ဒီထက် ပိုပြီး ပြင်းထန်တဲ့အခါမျိုးမှာ အဲဒီလူ ကို သူ့မိဘအသိုင်းအဝိုင်းနဲ့ မိတ်ဆွေအပေါင်းအသင်းတွေ က နာကျည်းစိတ်နဲ့ ဝိုင်းပယ်၊ စွန့်ပစ်ကြလိမ့်မယ်။ တစ်ခါ တစ်ရံမှာလည်း ဘာသာဟောင်းကို စွန့်ပစ်ခဲ့သူတစ်ယောက် အတွက် ပတ်ဝန်းကျင်အသစ် ပုဂ္ဂိုလ်တွေဆီကနေ 'ဘာ ရည်ရွယ်ချက်နဲ့ သူက ငါတို့ဘာသာထဲကို ရောက်လာတာ လဲ'ဆိုတဲ့ မယုံသင်္ကာမေးခွန်းတွေနဲ့ စမ်းသပ်တတ်ကြသေး တယ် မဟုတ်ပါလား။
အထက်မှာ ပြောခဲ့သလိုမျိုးပါပဲ။ အမျိုးသားရေးလှုပ် ရှားမှု ခရီးလမ်းတစ်လျှောက်မှာ အယူဝါဒ စူးရှပြင်းထန်တဲ့ အစ္စလာမ်ဘာသာဝင်အဖြစ်ကနေ ဗုဒ္ဓဘာသာဝင် ဘုရား သားတော်စစ်စစ် ရဟန်းဘဝကို ရောက်လာပြီး အမျိုး ဘာသာ သာသနာအတွက် စွမ်းနိုင်ရာက ကြိုးပမ်းနေတဲ့ ဆရာတော်တစ်ပါးအကြောင်းကလည်း ကျွန်တော့်အတွက် တော့ အတိုင်းအတာတစ်ခုထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်း ခဲ့ပါတယ်။
ခု ကျွန်တော်ပြောနေတာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး မဘသအဖွဲ့ဥက္ကဋ္ဌဆရာတော် ဦးအင်္ကုရအကြောင်း ပါ။
(၂)
၂ဝ၁၃ ထဲမှာ မဘသအဖွဲ့ကြီးကို စတင်ဖွဲ့စည်းပြီးတဲ့ နောက် တစ်စတစ်စ ခိုင်မာအားကောင်းလာတဲ့ အနယ်နယ် အရပ်ရပ်က မဘသအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်တိုင်း အမျိုး ဘာသာ သာသနာနဲ့ပတ်သက်ပြီး လားရှိုးမဘသရဲ့ ဆောင်ရွက်ချက်တွေ၊ သတင်းထုတ်ပြန် ချက်တွေက ထူးထူးခြားခြားနဲ့ ပြတ်ပြတ်သားသားရှိခဲ့တာ ကို ကျွန်တော်တို့တွေ ငြင်းလို့မရပါဘူး။ ဘာသာခြားကိစ္စ၊ ဘင်္ဂါလီအရေးကိစ္စ၊ ကုလသမဂ္ဂနဲ့ နိုင်ငံခြားအဖွဲ့အစည်း တွေရဲ့ ဖိအားပေးမှုစတာတွေကြုံလာတဲ့အခါတိုင်း ပြတ် သားတဲ့ ရပ်တည်မှုနဲ့ ရှေ့ထွက်ခဲ့တဲ့ လားရှိုး(ရှမ်း/မြောက်) မဘသရဲ့ သတင်းထုတ်ပြန်ကြေညာချက်တွေကို ကောင်း ကောင်းသတိထားမိခဲ့ပြီး ၂ဝ၁၄ ခု၊ နိုဝင်ဘာလထဲမှာတော့ လားရှိုးမဘသရဲ့ နှစ်ပတ်လည်ညီလာခံကြီးကို သွားရောက် လေ့လာခွင့်ရလာခဲ့ပါတယ်။
၂ဝ၁၄ ခုအတွင်းမှာ တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့မတူ ဘဲ နှစ်ပတ်လည်ညီလာခံကြီးကို ၁ဝ ရက်ကြာ ကျင်းပတဲ့ အထိ ခမ်းနားခဲ့တဲ့ လားရှိုးမြို့ကို ရောက်တဲ့အချိန် ကျွန် တော်သိလိုက်ရတာကတော့ (ရှမ်း/မြောက်)မဘသရဲ့အဓိက ပဲ့ကိုင်ရှင်ဟာ ဆရာတော်ဦးအင်္ကုရဖြစ်တယ်ဆိုတာပါပဲ။ ဒီထက်ပိုပြီး တိတိကျကျပြောရရင် လူငယ်ဘဝမှာ အစ္စ လာမ်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းလာခဲ့တဲ့ လူမျိုးခြား ဆရာတော်တစ်ပါးပေါ့လေ။
ဗုဒ္ဓဘာသာကို ဆရာတော်ဦးအင်္ကုရ ဘယ်လိုကူး ပြောင်းဖြစ်ခဲ့တယ်ဆိုတာကလည်း တကယ့်ကို ဆွတ်ပျံ့စ ရာကောင်းတဲ့ ပုံပြင်တစ်ပုဒ်လိုပါပဲ။
(၃)
ခုချိန်မှာ ဗုဒ္ဓဘာသာဝင် ရဟန်းတော်တစ်ပါးဖြစ်နေပြီ ဖြစ်တဲ့ ဆရာတော်ဦးအင်္ကုရကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နဲ့ မိုင် ၄ဝ လောက်အကွာ နမ္မတူမြို့၊ အီဟန်း ရပ်ကွက် ၁ဝ မှာ ၁၉၇၅ ခု၊ အောက်တိုဘာလ ၅ ရက်၊ တနင်္ဂနွေနေ့က အဖ-ဦးကံရှိန်၊ အမိ-ဒေါ်အေးမိုင်တို့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ ငယ်နာမည် အောင်ဇော်ထွန်းလို့ အမည်ရတဲ့ ဆရာတော်ဦးအင်္ကုရရဲ့ ဖခင်ဖြစ်သူ ဦးကံရှိန် ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပေမဲ့ မိခင်ဖြစ်သူ ရှမ်း-ကုလား အစ္စလာမ်ဘာသာဝင် ဒေါ်အေးမိုင်နဲ့ လက်ထပ်ပြီး နောက်မှာ အစ္စလာမ်ဘာသာဝင်ဖြစ်လာခဲ့ပါတယ်။ မအေတူ ဖအေကွဲ မောင်နှမ ၄ ယောက်ရှိတဲ့ မောင်အောင်ဇော်ထွန်း ဟာလည်း သူ့မိဘတွေနည်းတူ အစ္စလာမ်ဘာသာကို ယုံ ကြည်ကိုးကွယ်ခဲ့သူတစ်ယောက်ပါ။
ငယ်စဉ်ကတည်းက သူယုံကြည်ကိုးကွယ်တဲ့ အစ္စ လာမ်ဘာသာတရားအကြောင်း ထဲထဲဝင်ဝင် သိချင်စိတ်ဖြစ် ခဲ့သူ မောင်အောင်ဇော်ထွန်းဟာ ၈ တန်းနှစ်မှာပဲ ပြင်ဦး လွင်မြို့ကိုသွားရောက်ပြီး မော်လဝီဆတ်သင်တန်းတက် ရောက်ခဲ့တာကြောင့် သူ့မိဘတွေက 'ငယ်ပါသေးတယ်'ဆို ပြီး တားမြစ်ခဲ့ရပါသေးတယ်။
အစ္စလာမ်ဘာသာဝင် မိဘနှစ်ပါးက မွေးဖွား၊ အစ္စ လာမ်ဘာသာဝင် လူမှုအသိုင်းအဝိုင်းမှာပဲ ဗလီတွေတက်၊ အစ္စလာမ်စာတွေကျက်ရင်း ကြီးပြင်းခဲ့ရတဲ့ မောင်အောင် ဇော်ထွန်းလေးဟာ နမ္မတူမြို့၊ အမက(၁)၊ အလက(၂)၊ အထက(၁)ကျောင်းတွေမှာ စာတွေသင်ကြားရင် ၁ဝ တန်း စာမေးပွဲ ဖြေပြီးတဲ့အချိန်ထိလည်း အစ္စလာမ်ဘာသာကိုပဲ ယုံကြည်ကိုးကွယ်ခဲ့သူပါ။ ၁ဝ တန်းတစ်နှစ်ကျပြီးတဲ့နောက် ရွှေပန်းတိမ်လုပ်ငန်းကို ၂ နှစ်လောက်လုပ်ကိုင်နေတဲ့အချိန် ထိလည်း သူ့ရဲ့ယုံကြည်မှုအသိတရားထဲမှာ အစ္စလာမ်နဲ့ ကိုရန်ဆိုတာပဲရှိခဲ့ပြီး ဗုဒ္ဓဘာသာအကြောင်း စိတ်မဝင်စား၊ တစ်နေ့ကျရင် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လာရမယ် လို့လည်း လူငယ်ဘဝတစ်လျှောက်လုံး စိတ်မကူးခဲ့မိပါဘူး။
ဒီလိုနဲ့ပဲ နမ္မတူကနေ သူ့မိခင် ဒေါ်အေးမိုင်ရဲ့ မွေးရပ် ဇာတိ လားရှိုးမြို့ကို ရောက်လာခဲ့တဲ့ တစ်နေ့မှာတော့ နောင်တစ်ချိန်မှာ ဗုဒ္ဓဘာသာဝင် ရဟန်းတော်တစ်ပါးဖြစ် လာမယ့် မောင်အောင်ဇော်ထွန်းရဲ့ ဘဝကို မထင်မှတ်တဲ့ အကြောင်းအရာလေးတစ်ခုက အပြောင်းလဲကြီးပြောင်းလဲ ပစ်လိုက်ပါတော့တယ်။
မောင်အောင်ဇော်ထွန်းရဲ့ဘဝကို ပြောင်းလဲပစ်လိုက် တာက ခမ်းခမ်းနားနား ကြီးကြီးမားမားအကြောင်းတရား ကြီး တစ်ခုမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာနယ်မြေဆီကနေ လွင့်ပျံလာတဲ့ ပဋ္ဌာန်းရွတ်သံလေးတစ်ချက်ပဲ ဖြစ်ခဲ့ပါတယ်။
(၄)
'အမှန်တိုင်းပြောရရင် ဘုန်းကြီးရဲ့ လူငယ်ဘဝမှာ ဗုဒ္ဓ ဘာသာဆိုတာ ဘာမှန်းမသိလို ခုလိုမျိုး ရဟန်းတစ်ပါးဖြစ် လာမယ်လို့လည်း လုံးဝမတွေးခဲ့မိဘူး။ အစ္စလာမ်ဘာသာ ထဲမှာပဲ ဗလီတက်ရင်း၊ စာတွေကျက်ရင်း ဘဝကိုဖြတ်သန်း ခဲ့တာပါ'လို့ မိန့်ကြားထားတဲ့ ဆရာတော်ဦးအင်္ကုရက ခုလို မျိုး ဆက်ပြီးတော့ ရှင်းပြပါတယ်။
'တစ်နေ့ကျတော့၊ ည ၇ နာရီခွဲလောက်ဖြစ်မယ်ထင် တယ်။ ပန်းတိမ်လုပ်နေရင်းနဲ့ လားရှိုး၊ သာသနာ ၂၅ဝဝ တောင်ခြေကနေလာတဲ့ ပဋ္ဌာန်းရွတ်သံကို ဘုန်းကြီးစပြီး တော့ သတိထားမိခဲ့တယ်။
ဒီအသံ(ပဋ္ဌာန်းသံ)ကို ကြားလိုက်ရတော့ ဘုန်းကြီးစိတ် ထဲမှာ စိတ်ကြည်လင်လာတယ်။ တကယ့်ကို ထူးထူးဆန်း ဆန်း ကြည်လင်လာတာ။ အဲဒါနဲ့ 'ဟ၊ ဒီအသံက ထူးဆန်း လှချည်လား။ ဘာအဓိပ္ပာယ်မှန်း မသိဘဲနဲ့တောင် ငါ့ကိုစိတ် ကြည်စေတယ်။ အဓိပ္ပာယ်တာ သိရင် ဘယ်လိုနေမယ်မ သိဘူး'ဆိုပြီး စိတ်ဝင်စားတော့တာပဲ'။
အဲဒီလိုနဲ့ 'ပဋ္ဌာန်းရွတ်သံ'ရဲ့ အဓိပ္ပာယ်ကို ဗုဒ္ဓဘာသာ သူငယ်ချင်းတွေထံ မောင်အောင်ဇော်ထွန်း လိုက်မေးခဲ့တာ ပေါ့။ သူငယ်ချင်းတွေကလည်း ပဋ္ဌာန်းအကြောင်းကို သူ တို့လည်း ကောင်းကောင်းရှင်းမပြနိုင်တဲ့အကြောင်း၊ ဒီလို မျိုး ပဋ္ဌာန်းနဲ့ ဗုဒ္ဓစာပေတွေကို တကယ်သိချင်၊ လေ့လာ ချင်တယ်ဆိုရင်တော့ ဘုန်းကြီးဝတ်၊ သင်္ကန်းဝတ်ပြီးမှ လေ့ လာလို့ရတဲ့အကြောင်း ရှင်းပြကြပါတယ်။ ဒါဟာ အစ္စလာမ် ဘာသာဝင် မောင်အောင်ဇော်ထွန်းအတွက် ဗုဒ္ဓသာသနာ နယ်မြေထဲကို ရောက်ရှိခြင်းရဲ့ အစလို့ပဲပြောရမှာပေါ့။
'ငယ်ငယ်ကတည်းက ဘုန်းကြီးမှာ အကျင့်တစ်ခုရှိ တယ်။ အဲဒါက ကိုယ်မှန်တယ်ထင်ရင် လုံးဝနောက်မဆုတ် တတ်သလို ကိုယ်သိချင်တာရှိရင်လည်း နောက်မဆုတ် တမ်း လိုက်တတ်တာပဲ။ တဇွတ်ထိုးဆန်တယ်လို့ပဲပြောရ မလား။ တကယ်လုပ်ချင်လာပြီဆိုရင် ဘယ်သူတားတား မရဘူး။ အဲဒါနဲ့ နမောတဿတောင် ကောင်းကောင်းမသိ တဲ့ဘဝကနေ ဒီပဋ္ဌာန်းရွတ်သံရဲ့ အဓိပ္ပာယ်ကို သိချင်လို့ သင်္ကန်းစစည်းဖြစ်ခဲ့တာပဲ'လို့ ဆရာတော်ဦးအင်္ကုရက သူ့ ဘဝရဲ့ တစ်ဆစ်ချိုးကွေ့ အပြောင်းအလဲကို မိန့်ကြားခဲ့ပါ တယ်။
(၅)
ဘာဆိုလိုမှန်း အဓိပ္ပာယ်လုံးဝမသိတဲ့ ပဋ္ဌာန်းရွတ် သံကိုကြားပြီး အစ္စလာမ်ဘာသာကနေ ဗုဒ္ဓဘာသာကိုကူး ပြောင်း၊ သာသနာ့ဘောင်ထဲကို ဝင်ဖို့ဆုံးဖြတ်ခဲ့တဲ့ မောင် အောင်ဇော်ထွန်းဟာ ၁၉ နှစ်ကိုကျော်ပြီး အသက် ၂ဝ ထဲ ကိုဝင်နေပြီဖြစ်တာကြောင့် ၁၉၉၅ ခု၊ မတ်လ ၄ ရက် (၁၃၅၆ ခု၊ တပေါင်းလဆန်း ၄ ရက်)နေ့မှာ လားရှိုးမြို့ စိတ္တသုခကျောင်း၊ ဆရာတော် ဦးÓာဏောဘာသကို ဥပ္ပဇ္ဈာယ်ပြုပြီး မြင့်မြတ်တဲ့ ရဟန်းဘဝကို ခံယူလိုက်ပါ တော့တယ်။
မိဘတွေမသိဘဲ ဘာသာပြောင်းပြီး ဘုန်းကြီးဝတ် လိုက်တဲ့ ဦးအင်္ကုရကို အစ္စလာမ် မိခင်ကြီး ဒေါ်အေးမိုင်က လာရောက်တားမြစ်ခဲ့ပြီး လူထွက်၊ အိမ်ထောင်ပြုရင်းနဲ့ သူတို့ရဲ့ ရွှေဆိုင်လုပ်ငန်းကို ဦးစီးဖို့လည်း နားချခဲ့ပါသေး တယ်။ ဒါပေမဲ့ ဆုံးဖြတ်ပြီးရင် မပြင်တတ်တဲ့ ဆရာတော် က လူထွက်ဖို့ လုံးဝစိတ်ဆန္ဒမရှိတော့ဘဲ လားရှိုးမြို့မှာ ၃၊ ၄ လလောက် သင်္ကန်းဝတ်နဲ့နေပြီး ဗုဒ္ဓစာပေတွေကို သင်ယူလေ့လာဖို့အတွက် မိခင်ကြီးကို ခြေရာဖျောက်ဖို့ ကြိုးစားခဲ့ရပါတော့တယ်။
'ရဟန်းဝတ်ပြီးကတည်းက ဘုန်းကြီးရဲ့စိတ်ထဲမှာ ဒီ ဗုဒ္ဓစာပေတွေကိုပဲ သင်ချင်နေတာ၊ လိုက်ချင်နေတာလေ။ အဲဒီတုန်းကတော့ မယ်တော်ကြီးကလည်း လာတားပြီး လူထွက်ခိုင်းနေတော့ သူ့ကိုလည်း လိမ်ရာမကျအောင် မန္တ လေးဘက်ထွက်သွားပြီဆိုပြီး ပခုက္ကူမြို့ကို ဘုန်းကြီးတိတ် တိတ်လေး ထွက်လာခဲ့ရတာပါ။ ပခုက္ကူဆိုတော့ မန္တလေး ဘက်လို့လည်း ပြောလို့ရတာပဲလေ။
ဘုန်းကြီး ပခုက္ကူမှာ စာတွေသင်နေတဲ့အချိန် မယ် တော်ကြီးက မန္တလေးမြို့မှာ ဘုန်းကြီးကို လိုက်ရှာခဲ့တယ်၊ လိုက်စုံစမ်းခဲ့တယ်လို့ကြားတယ်။ ဘုန်းကြီးလည်း လားရှိုး ကို တစ်ခါတစ်ရံပြန်လာတတ်ပေမဲ့ မယ်တော်ကြီးကိုတော့ ရဟန်း ၁၃ ဝါလောက်ရတဲ့အထိ မဆက်သွယ်ခဲ့ဘူး။ ၂ဝဝ၈ ခုလောက်မှ သူနဲ့ပြန်ချိတ်မိပြီး အခုတော့ မယ်တော်ကြီး ဟာလည်း ဘုန်းကြီးလိုမျိုး ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်နေပါပြီ'လို့ ဆရာတော်ဦးအင်္ကုရက သူတို့သားအမိရဲ့ ဘဝဇာတ်ကြောင်းကို ပြန်ပြောင်း မိန့်ကြားပါတယ်။
(၆)
မျက်လုံး၊ နှာခေါင်းစတဲ့ ရုပ်ရည်သွင်ပြင်လက္ခဏာက လည်း ကုလားနဲ့တူ၊ တခြားဘာသာကနေ ဗုဒ္ဓဘာသာကို ပြောင်းလာတဲ့ သူစိမ်းတစ်ရံဆံမြို့က ရဟန်းတစ်ပါးလည်း ဖြစ်နေတဲ့အတွက် ပခုက္ကူမြို့၊ အလယ်တိုက်ကို ဦးအင်္ကုရ သွားရောက်ချိန်မှာ သက်ဆိုင်ရာကျောင်းတိုက်ကနေ ချက် ချင်းကြီး လက်ခံခဲ့တာမဟုတ်ပါဘူး။
ဒီစာသင်တိုက်မှာ ဗုဒ္ဓဘာသာရဲ့ ပိဋကတ်စာပေတွေ ကို သင်ယူလိုက်စားချင်ပါတယ်လို့သွားလျှောက်တဲ့ ဆရာ တော်ကို ပထမတစ်ကြိမ်မှာ လက်မခံခဲ့ပါဘူး။ ဇွဲမလျှော့ တဲ့ ဆရာတော်က ဒုတိယအကြိမ်သွားပြီး လျှောက်ပြန် တယ်။ ဒီတစ်ကြိမ်မှာလည်း ပခုက္ကူအလယ်တိုက်က ဆရာ တော့်ကို လက်မခံသေးပါဘူး။ နောက်ဆုံး တတိယအကြိမ် မြောက် ရောက်တဲ့အခါကျမှ 'ဒီကိုယ်တော်၊ ဗုဒ္ဓစာပေကို ဘယ်လောက်ထိ သင်ယူချင်စိတ်ရှိလဲ'ဆိုတဲ့ စမ်းသပ်ချက် တစ်ခုနဲ့ အပေးအယူလုပ်ပြီး လက်ခံခဲ့တာဖြစ်ပါတယ်။
'ဒီလို ဗုဒ္ဓစာပေတွေကို ဘယ်နေရာမှာ စုံစုံလင်လင် သင်ယူလို့ရမလဲမေးတော့ ပခုက္ကူအလယ်တိုက်မှာ ပိဋကတ် သုံးပုံလုံး သင်တယ်လို့ ညွှန်းကြတယ်။ ဒါနဲ့ မယ်တော်ကြီး ကို ခြေရာဖျောက်ပြီး တစ်ခါမှမရောက်ဖူးတဲ့ ပခုက္ကူကို ဘုန်းကြီး သွားခဲ့တာပေါ့။
ဒီစာသင်တိုက်မှာ သင်ကြားခွင့်ရဖို့အတွက် သုံးကြိမ် လောက် လျှောက်ခဲ့ရတာ။ နောက်ဆုံးတစ်ခေါက်ရောက် တော့ ကမ္မဝါ ၈ စောင်၊ လက်တစ်လုံးလောက်ထူတဲ့ ပခုက္ကူဝတ်ရွတ်စဉ်စာအုပ်ကို ထုတ်ပေးတယ်။ ဒီဝတ်ရွတ် စဉ်ကို တစ်အုပ်လုံး အလွတ်ရရင် ဒီစာသင်တိုက်မှာ စာဝါ လိုက်ခွင့်ပေးမယ်ပေါ့။ ရှင်းရှင်းပြောရရင် ဘုန်းကြီးက အရင် က ဗုဒ္ဓစာပေဆိုတာ ဘာမှန်းကိုမသိတာ။ သင်္ကန်းဝတ်ပြီး ဘာစာမှလည်း သင်ရသေးတာမဟုတ်ဘူးလေ။ ဒါပေမဲ့ ဒီစာတွေ၊ ဒီအဆုံးအမတွေ သင်ယူချင်စိတ်ပြင်းပြတာ ကြောင့် အချိန်တိုအတွင်း မရ,ရအောင်ကျက်ပြီး အလယ် တိုက်မှာ စာသင်ခွင့်ရခဲ့တာပါ။ ဘုန်းကြီးအတွက် တကယ့် ကို ခက်ခက်ခဲခဲပါပဲ' လို့ ဆရာတော်က ရှင်းပြပါတယ်။
ဆရာတော် ဦးအင်္ကုရဟာ ပခုက္ကူအလယ်တိုက်၊ ဓမ္မောဒယကျောင်း၊ ဆရာတော်ဦးဥတ္တမထံမှာ စာဝါကြီး၊ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာစတဲ့ ဗုဒ္ဓစာပေတွေကို ဆိုဝါ၊ လိုက်ဝါတွေနဲ့ ၁၂ နှစ်၊ ၁၃ နှစ်လောက် သင်ယူပြီး ဘု ရားရှင်ရဲ့ အဆုံးအမ သာသနာတော်တွေကို ခြေခြေမြစ် မြစ် လေ့လာသိရှိပြီးမှ ဗုဒ္ဓဘာသာစစ်စစ် ရဟန်းတော်တစ် ပါး ဘဝကို ရောက်ရှိလာခဲ့ပါတယ်။
ခက်ခဲနက်နဲတဲ့ ဗုဒ္ဓစာပေတွေကို ကျမ်းကြီးပေါက်သင် ယူပြီးနောက်မှာ ဗုဒ္ဓသာသနာနဲ့ တရားတော်တွေအပေါ် နှိုင်းစရာမရှိအောင် ယုံကြည်မြတ်နိုးလာခဲ့ပုံနဲ့ပတ်သက်ပြီး လည်း ဆရာတော်က 'ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကလွဲပြီး အမှန်တရားတွေ ပေးစွမ်းမယ့်ဘာသာ၊ အမှန်တရားကို ဖော်ဆောင်ပေးမယ့်ဘာသာ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင် ပေးမယ့်ဘာသာ မရှိဘူးလို့ ယုံကြည်လာတယ်။
တခြားဘာသာမှာ လုံးလုံးမရှိဘူးလို့တော့ ဘုန်းကြီးမ ပြောလိုဘူး။ သို့သော် ဗုဒ္ဓဘာသာလောက် မပြည့်စုံဘူး။ အစ္စလာမ်ဘာသာမှာဆိုရင် လုံးလုံးမငြိမ်းချမ်းနိုင်တဲ့ သံသ ယဖြစ်စရာ၊ အမုန်းပွားစရာအချက်တွေကို သင်ကြားနေတာ ပဲလေ။ ဗုဒ္ဓဘာသာကတော့ ပစ္စုပ္ပန်ရော သံသရာရော ငြိမ်းချမ်းအောင်၊ အများလည်း ငြိမ်းချမ်းအောင်၊ ဒီထက်မ က တစ်လောကလုံး ငြိမ်းချမ်းမှုရှိအောင် လုပ်ဆောင်ပေး နိုင်စွမ်းရှိတဲ့ ဘာသာတစ်ခုပါ။ လူဖြစ်လာတဲ့ ဘဝကို တန် ဖိုးရှိရှိ ဖြတ်သန်းဖို့အတွက် ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေ က ဘုန်းကြီးရဲ့ဘဝကို ပြောင်းလဲစေခဲ့တာပါ။ ဘုန်းကြီးက တခြားဘာသာကနေ ပြောင်းလာတဲ့သူလေ။ ဘယ်ဘာသာ က ကောင်းတယ်၊ ဘယ်ဘာသာကတော့ မကောင်းဘူး ဆိုတာ ချိန်ထိုးကြည့်လိုက်တဲ့အခါ ပိုပြီးသိတာပေါ့'လို့ မိန့် ကြားပါတယ်။
(၇)
ပြီးခဲ့တဲ့ ၂ဝဝ၈ လောက်ကစပြီး လားရှိုးမြို့၊ စိတ္တသုခ အခမဲ့တရားတော် ရိုက်ကူးဖြန့်ချိရေးအသင်းအပါအဝင် ပရ ဟိတ၊ သာသနာတော်သန့်ရှင်းရေးနဲ့ အမျိုးသားရေးလုပ် ငန်းတွေ အစဉ်တစိုက်လုပ်လာခဲ့တဲ့ ဆရာတော်ဦးအင်္ကုရ ရဲ့ မိန့်ကြားချက်တွေထဲကနေ နောက်ထပ်စိတ်ဝင်စားဖို့ ကောင်းတဲ့ အတွေးအမြင်တစ်ခုကတော့ 'ဗုဒ္ဓဘာသာ ဆိုတာ အမှန်တရားနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်ပြီး အမှန် တရားနဲ့ ငြိမ်းချမ်းရေးလမ်းစဉ် မပျောက်ဖို့အတွက် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရမယ်'ဆိုတာပါပဲ။
'တကယ်တမ်းတော့ ဘုန်းကြီး အမျိုးသားရေးအလုပ် တွေကို လုပ်နေတယ်ဆိုတာ ခုလိုမျိုး မဘသအဖွဲ့ကြီးတွေ ပေါ်လာမှ မဟုတ်ပါဘူး။ ဟိုအရင်ကတည်းက မန္တလေးမြို့ က ဆရာတော်ဦးဣန္ဒာစက္ကာဘိဝံသတို့၊ ဦးအောင်မြိုင်(မစိုး ရိမ်စာသင်သား)တို့နဲ့ပေါင်းပြီး အဓမ္မဝါဒ ရှင်းလင်းဖော်ထုတ် ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။ မဘသအဖွဲ့ကြီးပေါ် လာတဲ့အချိန်မှာ (ရှမ်း/မြောက်)မဘသအနေနဲ့ အမျိုးသား ရေးအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်နေတာကတော့ ဗုဒ္ဓဘုရားရှင်ရဲ့ အမှန်တရားနဲ့ ငြိမ်းချမ်းရေးလမ်းစဉ် ကွယ် ပျောက်မသွားစေချင်လို့ပဲ'လို့ မိန့်ကြားထားတဲ့ ဆရာတော် က အမျိုး ဘာသာ သာသနာကိုစောင့်ရှောက်ဖို့လိုအပ်တဲ့ အကြောင်းလည်း ဆက်လက်ရှင်းပြပါသေးတယ်။
'မြန်မာလူမျိုးဆိုတာ ဗုဒ္ဓဘာသာကို ကိုးကွယ်နေတဲ့ လူမျိုး၊ ဗုဒ္ဓဘာသာဆိုတာ အမှန်တရားနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်။ ဗုဒ္ဓဘာသာကို ကိုးကွယ်နေတဲ့ ဒီလူမျိုး၊ ဒီတိုင်း ရင်းသားတွေ မပျောက်မှ ဗုဒ္ဓဘာသာ မပျောက်မှာ။ ဗုဒ္ဓ ဘာသာမပျောက်မှ ဗုဒ္ဓရဲ့အဆုံးအမတွေ မပျောက်မှာ။ ဗုဒ္ဓရဲ့ အဆုံးအမ ဗုဒ္ဓသာသနာတော်မပျောက်မှ အမှန်တရားနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်လည်း ဆက်လက်ပြီးတော့ ထွန်းကား မှာလေ။ အဲဒါကြောင့်မို့ ဒီလူမျိုး ဒီဘာသာနဲ့ ဒီသာသနာ ပျောက်ကွယ်မသွားရအောင်လို့ဆိုတဲ့ ခံယူချက်နဲ့ အမျိုးသား ရေးအလုပ်တွေကို လုပ်နေရတာပါ။
(၈)
တခြားဘာသာကနေ ပြောင်းလာပြီးမှ ဗုဒ္ဓဘာသာဝင် ရဟန်းတော်ဘဝကို ရရှိလာခဲ့သူဖြစ်ပေမဲ့ အမျိုး ဘာသာ သာသနာနဲ့ပတ်သက်လာရင် စိတ်ဓာတ်ပြင်းထန်လွန်းတဲ့ (ရှမ်း/မြောက်)မဘသဥက္ကဋ္ဌဆရာတော် ဦးအင်္ကုရဟာ မဘသ(ဗဟို)ရဲ့ လုပ်ငန်းစဉ်တွေ ထိရောက်အောင်မြင်ဖို့အ တွက် မကြာခဏဆိုသလို အကြံပြုစာတွေ ရေးသားပေးပို့ ခဲ့ပြီး မဘသ(ဗဟို)၊ ဥပဒေအထောက်အကူပြုကော်မတီကို လည်း ဆရာတော်ဦးပါမောက္ခ၊ ဦးဝီရသူ(မစိုးရိမ်)တို့နဲ့အတူ ဦးဆောင်ကြီးကြပ်ပေးနေသူဖြစ်ပါတယ်။ ဦးအင်္ကုရရဲ့ကြိုး စားအားထုတ်မှုနဲ့အတူ ဥပဒေရေးရာ၊ အွန်လိုင်းနဲ့ သတင်း မီဒီယာအခြေခံ ဘာသာရပ်တွေပါဝင်တဲ့ သာသနာပြုစွမ်း ရည်မြှင့်တင်ရေးသင်တန်းတွေကိုလည်း ရန်ကုန်မြို့၊ ပန်း တနော်မြို့၊ ပခုက္ကူမြို့နဲ့ မန္တလေးမြို့တွေမှာ စုစုပေါင်း ၅ ကြိမ်တိတိ ဖွင့်လှစ်ပို့ချခဲ့ပြီးပါပြီ။
အလုပ်လုပ်တဲ့နေရာမှာ စည်းစနစ်ကျကျနဲ့ ပြတ်ပြတ် သားသားရှိသလောက် စကားပြောဆိုတဲ့နေရာမှာလည်း ဘယ်သူ့မျက်နှာမှမထောက်ဘဲ ပွင့်ပွင်းလင်းလင်း၊ မာမာ ထန်ထန် ပြောတတ်ဆိုတတ်တဲ့ ဦးအင်္ကုရနဲ့ပတ်သက်ပြီး ဝမ်းနည်းဖို့ကောင်းတာကတော့ 'ကုလားလူမျိုးဖြစ်တယ်ဆို တဲ့ အားနည်းချက်'ကို ဖိပြီး လူတချို့က ဆရာတော့်အ ပေါ် အောက်လမ်းနည်းနဲ့ ဝေဖန်တိုက်ခိုက်မှုတွေ လုပ်လာ ခဲ့တဲ့ ကိစ္စပါ။
'ဦးအင်္ကုရဆိုတာ ဘာသာခြားကနေ ပြောင်းလာပြီး မှ အမျိုး ဘာသာ သာသနာဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်လာတာ'။
'ဘာသာခြားကနေ ပြောင်းလာတဲ့ ရဟန်းတစ်ပါးအ ပေါ် ဘယ်လောက်ထိ ယုံကြည်လို့ရနိုင်မလဲ'စတဲ့ မေးခွန်း တွေက ဆရာတော့်အကြောင်း ကောင်းကောင်းသိထားသူ တွေအတွက် နားခါးစရာဖြစ်နေသလို ဆရာတော်ကိုယ်တိုင် လည်း စိတ်မခိုင်ဘူးဆိုရင် ယိုင်လဲသွားနိုင်တဲ့အနေအထား မှာ ရှိနေပါတယ်။ ဒါဆိုရင် အသက် ၂ဝ လောက်ကနေ ရဟန်းဝတ်၊ ဗုဒ္ဓစာပေတွေကို သင်ကြားခွင့်ရဖို့ မိခင်ကြီး ရဲ့ မေတ္တာရင်ငွေ့ကို စွန့်လွှတ်၊ ဆယ်စုနှစ်တစ်ခုကျော် လောက် ပရိယတ်စာပေတွေကို သင်ကြားပြီး ရဟန်းဝါ ၂ဝ ရလာတဲ့အထိ သာသနာပြုလုပ်ငန်းတွေကို တစိုက်မတ် မတ်လုပ်ဆောင်လာခဲ့တဲ့ ဆရာတော်ဦးအင်္ကုရကို ခုလိုအချိန် ကျမှ ဘာဖြစ်လို့ 'ဘာသာခြားမို့ သတိထား'ဆိုတဲ့ ထိုးနှက် ချက်တွေ ပေါ်လာရတာလဲ။
တကယ် စဉ်းစားစရာကောင်းတဲ့ကိစ္စတစ်ခုပါမိတ်ဆွေ။
(၉)
'အွန်လိုင်းပေါ်မှာ လူတစ်စုက အောက်လမ်းနည်းတွေ သုံးပြီး ဘုန်းကြီးကို တိုက်ခိုက်နေကြတာတွေ သိတယ်။ တကယ်တမ်း သူတို့တိုက်ခိုက်နေကြတာ ဘာသာခြားမို့ တိုက်ခိုက်တာလို့ မမြင်မိဘူး။ ဘုန်းကြီးက သူတို့လိုချင်တဲ့ ပုံစံမဖြစ်တာနဲ့ မနူးမနပ်တွေစုပြီး တိုက်ခိုက်ကြတယ်လို့ပဲ မြင်တယ်။ ဘာသာခြားဆိုပြီး တိုက်ခိုက်မယ်ဆိုရင် ဘုန်း ကြီး ရဟန်းစဝတ်ကတည်းက တိုက်ခိုက်ကြပေါ့။ ဒါပေမဲ့ ဒီလို အသေးအဖွဲကိစ္စလေးတွေကို မှုနေမှာတော့ မဟုတ် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းကြီးက အမျိုး ဘာသာ သာသနာအတွက် ကိုယ့်ခံယူချက်၊ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ် သွားနေတဲ့ ပုဂ္ဂိုလ်ဖြစ်နေလို့ပဲ။ ဒီလိုမျိုး တိုက်ခိုက်ခံ ရတယ်ဆိုတာ အထူးအဆန်းလည်း မဟုတ်တော့ဘူးလေ' လို့ ဆရာတော်က မိန့်ကြားပါတယ်။
တကယ်တမ်းတွေးကြည့်မယ်ဆိုရင် အမျိုး ဘာသာ သာသနာနဲ့ပတ်သက်ပြီး ဆရာတော်ဦးအင်္ကုရလျှောက်လှမ်း နေရတဲ့ အခြေအနေဟာ သိပ်ပြီးလွယ်ကူတာတော့မဟုတ် ပါဘူး။ ဆရာတော်ဟာ အစ္စလာမ်ဘာသာကနေ ဗုဒ္ဓဘာသာ ကိုပြောင်းလာပြီး ဒီဘက်ရောက်တဲ့အခါမှာလည်း မဘသ အဖွဲ့ကို ရဲရဲရင့်ရင့်ဦးဆောင်နေသူဖြစ်တာကြောင့် ဘာသာ ဟောင်းက လူတချို့က ဆရာတော့်အပေါ်ကို နာကျည်း စိတ်နဲ့ အငြိုးထားပြီး ကိုယ်ထိလက်ရောက် လုပ်ကြံဖို့ကိစ္စ တွေပါ လက်တွေ့ကြုံခဲ့တယ်။ တစ်ဖက်မှာကျတော့လည်း ဦးအင်္ကုရဟာ အစ္စလာမ်ဘာသာကနေ ပြောင်းလာတဲ့ရဟန်း တစ်ပါးဖြစ်တယ်ဆိုတာနဲ့ပဲ ဒီအားနည်းချက်ကို အခွင့် ကောင်းယူပြီး လူတချို့က အုပ်စုဖွဲ့တိုက်ခိုက်မှုတွေ လုပ် နေကြပါတယ်။ ဒါပေမဲ့ ဘယ်သူတွေ ဘယ်လိုပဲ တိုက်ခိုက် ပါစေ ဆရာတော့်ဘက်ကတော့ သူသွားမယ့်လမ်းကြောင်း ကို နည်းနည်းလေးမှ အတိမ်းအစောင်းခံမှာမဟုတ်ဘူးလို့ သန္နိဋ္ဌာန် အခိုင်အမာ ချထားပါတယ်။
'ဒီလိုမျိုး အထင်အမြင်လွဲမှားမှုတွေ၊ မယုံသင်္ကာဖြစ်မှု တွေကိုတော့ ဘုန်းကြီးက ဂရုစိုက်နေမှာမဟုတ်ဘူး။ ကိုယ့် လုပ်ရပ်မမှားဖို့ပဲ ဂရုစိုက်ပြီးမှ ကိုယ့်လမ်းကို ရှေ့ဆက်သွား တယ်။
ကိုယ့်လုပ်ရပ်က တစ်သက်လုံးလည်း မှားမှာမဟုတ် ဘူး။ အပြစ်ရှာဖို့ ထိုင်ကြည့်နေတဲ့သူပဲ အသက်တွေအိုသွား လိမ့်မယ်။ ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုတော့ ဦးဇင်းက ဗုဒ္ဓဘာသာထဲကို ဘာအသိမှမရှိဘဲ ဝင်လာတဲ့သူ မဟုတ် ဘူးလေ။ ဗုဒ္ဓစာပေတွေ အဆုံးအမတွေကို ထဲထဲဝင်ဝင် လေ့လာပြီးမှ ဒီိလိုမျိုး အမျိုးသားရေးလုပ်ငန်းတွေမှာ စွမ်း နိုင်သလောက် ဝင်ရပ်ပေးနေတာပါ။ ကိုယ်မှန်တယ်ထင်ရင် နောက်ဆုတ်မှာမဟုတ်ဘူးလို့ ဦးဇင်းပြောထားပြီးသားပဲ'တဲ့။ ဒီအသံဟာ ဦးအင်္ကုရအစစ်အမှန်ဆီတဲ့ လာတဲ့အသံပဲဆို တာ ထပ်ပြီးရှင်းပြမနေတော့ပါဘူး။
လူတစ်စုရဲ့ ထိုးနှက်ချက်ကြောင့် မိတ်ဆွေရဲ့စိတ်ထဲမှာ သံသယဖြစ်နေမယ်ဆိုရင်လည်း ဦးအင်္ကုရအကြောင်းကို ဒီထက်ပိုပြီးသိအောင် စုံစမ်းကြည့်လိုက်ပါဦးလို့ပဲ။
မိုးအောင်လင်းနိုင် ရေးသားတင်ဆက်သည်။
ဦးအင်္ကုရfacebook မှ ကူးယူဖြန့်ဝေသည်။
အရှင်နန္ဒိယ(သာသနဓဇဓမ္မာစရိယ)
တန့်ယန်းမြို့။

No comments:
Post a Comment